Wednesday, October 10, 2012

မသိနားမလည်မှုအခြေပြု မြေယာသိမ်းယူမှုကြီးများနဲ့ အာရှစီးပွားဖြစ်စိုက်ပျိုးရေး



 မြေလွတ် မြေရိုင်း မြေလပ်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်က နည်းဥပဒေထုတ်ထားတယ်။ ထူးဆန်းတာက အဲဒီဥပဒေဟာ နိုင်ငံသားများမသိသင့်တဲ့သဘော။ လျှို့ဝှက် ဆိုတဲ့ စာမဲကြီးနဲ့ ထွက်လာတယ်တဲ့။
နိုင်ငံတော်က နိုင်ငံတော်ကို ဒါမှမဟုတ် ပြည်သူကို ဒါမှမဟုတ် တောင်သူတွေကို နားလေးလှည့်ပြီး ပါးလေး ချမလို့နဲ့ တူပါရဲ့ဗျာ။
ဥပဒေတွေကို ဒေသခံတွေ၊ သာမန်ပြည်သူတွေ၊ တောင်သူမိလက္ခူတွေ နားလည်တဲ့ စာလုံးအသုံးအနှုံးတွေထိ ရောက်အောင် ဆင်းမရေးကြသေးပါဘူး။ ဒါဟာ သခင်ကြီးတို့ခေတ်ကနေ ဗိုလ်ကြီးတို့ခေတ်အထိပေါ့လေ။ ဒီဥပဒေတွေနဲ့ပတ်သက်ရင် ဥပဒေသက်ရောက်ခံရမဲ့ သူတွေ၊ ဒေသခံတွေလဲ ဘယ်တော့မှ ပါဝင်ခွင့်လဲ မရခဲ့ ပါဘူး။ နောက်တခုက ဒီလိုဥပဒေတွေပြုနေတဲ့ ရေးရာကော်မတီတွေ ကိုယ်တိုင်ကရော ဒီဥပဒေတွေရဲ့ ဆိုးကျိုး ကောင်းပြစ်ကို သေချာနားလည်ရဲ့လားဆိုတာလဲ မသေချာပြန်ပါဘူး။
ချင်းတောင်မှာဆို မြေတွေချပေးလိုက်တာ သာမန်ပြည်သူတွေထားလို့ ပါတီတွေတောင် မသိလိုက်ဘူးတဲ့။

ဘယ်တုန်းက ဘယ်လိုလုပ်ငန်းတွေအတွက် ဘယ်သူကို ဘယ်လိုလုပ်လုပ်သည်မသိပေါ့လေ၊ လုပ်နေကြတုန်း ပါဘဲ။ စည်းလာခပ်တော့မှ၊ ဆိုင်းဘုတ်လာထောင်မှဘဲ ကိုယ့်နားကမြေ ကိုယ့်မြေ ဘယ်သူပိုင်တယ်ဆိုတာ သိရ တော့တာကလား။
အမှန်ကတော့ ဥပဒေထုတ်ရင် ထပ်ရှင်းရမယ်။ ခုဟာက ဥပဒေကိုတောင် ထုတ်မပြဘဲ လျှို့ဝှက်လိုက်တာဟာ တာဝန်ကိုအလွဲသုံးစားလုပ်လိုက်တာပါဘဲ။ အများပြည်သူအသိမခံနိုင်တဲ့၊ ပါးစပ်အရသာခံပြောပြောနေတဲ့ ထင်သာမြင်သာဖြစ်မှုဆိုတာကြီးနဲ့အညီ အထင် အမြင်မခံနိုင်တာတွေ ပါနေလို့ဖြစ်မှာပါဘဲ။
ဥပဒေကျောင်းတော်မှာဆို စီမံခန့်ခွဲရေးဥပဒေသတွေ မသင်ဘဲ သင်းကွပ်ထားတယ်ဆိုဘဲ။ ကျင့်လဲ မကျင့်သုံး ဘူးဆိုတော့ပေါ့လေ။ အုပ်ချုပ်တာကလဲ ကြုံတဲ့သူက ကြုံသလိုအုပ်ချုပ်တာကိုး။ ကနေ့တောထဲ စစ်တိုက်နေရာ က နောက်ရက်မြို့ပေါ်လာ အရာရှိဖြစ်ချင်လဲ ဖြစ်တာမျိုးကိုး။ ဒါဟာ တကယ်တော့ အင်မတန် အရေးကြီးတဲ့ ဥပဒေတွေပါ။ ဆိုးကျိုးကောင်းကျိုးတွေက စီမံခန့််ခွဲပုံတွေအပေါ်မှာ တည်ပါတယ်။
နည်းဥပဒေတွေပြဌာန်းပြီးတိုင်း လွှတ်တော်မှာတင်ပြပြီး မိခင်ဥပဒေနဲ့ညီ မညီ စိစစ်ဖို့လဲ အရေးကြီးသတဲ့ဗျာ။ အခု ပေါ်ထွက်လာတဲ့ မြေလွတ် မြေရိုင်း မြေလပ်ဥပဒေတွေက လျှို့ဝှက်ဆိုတော့ကာ…. အင်း လွှတ်တော်ကြီးဘုရားလဲ ဘာမှ ကျကျနနသိဟန်မတူပါဘူး။
တောင်ပေါ်တွေမှာ မြေဆီနဲပါးသွားလို့ မြေလှပ်ထားချိန်မှာ မြေရိုင်းဆိုပြီး အသိမ်းခံလိုက်ရလို့ အံကြိတ် တက်ခေါက် ဓားသွေးကျောက်ရှာနေတဲ့ဒေသခံတွေလဲ ဒုနဲ့ဒေးဆိုဘဲဗျာ။ အင်းလေ ထွန်ယက်စိုက်ပျိုးနေဆဲ လယ်ယာတွေကိုတောင် အမျိုးအမည်မကွဲပြားတဲ့ “ နိုင်ငံတော် ”ဆိုသဟာကြီးနဲ့ သိမ်းကြသေးတာဘဲကိုး။ အဲဒါမျိုးတွေကို ကာကွယ်ပေးမဲ့ဥပဒေတွေကလဲ အများကြီးလိုသေးတာကိုး။ ရှိပြီးသားလား၊ မရှိသေးတာလား တော့ သေချာဂန မသိဘူးပ။
တကယ်တော့ နိုင်ငံတော်အနေနဲ့ မြေလွတ်၊ မြေရိုင်း၊ မြေလပ်ဆိုတာတွေကို ဒေသအလိုက် မြေပုံနဲ့တွဲပြီး တိတိ ကျကျစရင်းထုတ်ပြန်သင့်ပါတယ်။ မဟုတ်ရင် ဒေသဖွံ့ဖြိုးရေးအမည်ခံ ဒေသကြွေမွရေးစီမံကိန်းတွေနဲ့ ဒေသခံ တွေဟာ ရန်ဖြစ်နေရတာနဲ့ဘဲ ဖွံ့ဖြိုးရေးသံမကြားချင်လောက်အောင် ဖြစ်နေရပါမယ်။ လက်ပန်းတောင်းတောင်လို၊ ဦးပိုင်က စက်ရုံတည်မလို့ဆိုပြီး အများကြီးသိမ်းပြီး သီးစားပြန်ချထားတဲ့ ကန့်ဘလူ နယ်က ဇီးကုန်းသကြားစက်လိုဟာမျိုးပြဿနာတွေ တပြည်လုံးလက်ညိုးထိုးမလွဲပ။
ဒေသခံတွေရဲ့အကျိုးတရားမပါတာတော့ သေချာပါတယ်။ ဘယ်စီမံကိန်းမှ EIA, SIA, HIA တွေမလုပ်ကြ ပါဘူး။ ဒေသခံတွေကို သင်ပေးပြီး လုပ်ငန်းခွင်မှာ ထည့်သုံးတာတွေလဲ မရှိကြပါဘူး။ ပညာပေးမရှိတော့၊ ဒေသ ခံတွေမကျွမ်းကျင်တဲ့လုပ်ငန်းတွေဖြစ်နေတော့ ဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲလာပြီး ကိုယ့်နေရာကနေ အပြီးပြောင်းရွှေ့ပေးရတဲ့ဘဝဆိုက်ရောက်သွားရတာပါဘဲ။ တရပ်တကျေး ပြေးရင်းပြေးရင်းဘဲ ဒုက္ခမျိုးစုံ ဝဲဂယက်ကြီးထဲ တနယ်လုံးဆင်းလိုက်ရတာတွေလဲ နေရာတိုင်းလိုလိုမှာပေါ့။ အဲဒီဒေသခံတွေဟာ ကိုယ့်နစ်နာ မှုတွေကိုတောင် အမည်တပ်ခွင့်မရ၊ ချေပခွင့်မရ ဖြစ်နေရရှာတယ်။ မျှတတဲ့ဥပဒေတွေ၊ မျှတတဲ့ စီမံခန့််ခွဲမှု ဥပဒေတွေ မရှိသေးသ၍ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုကို မဖေါ်ဆောင်သင့်ပါဘူး။ ဖေါ်ဆောင်တာကိုလဲ မထောက် ခံနိုင်ပါဘူး။ တကယ်တော့ ဒေသခံတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ အကျိုးတူရှိရမှာပါ။ မဟုတ်ရင် စီမံကိန်းမပြီး ခင်မှာကိုဘဲ ပြဿနာတွေ ဆင့်ကဲဖြစ်ပေါ်ပြီး ဒေသခံတွေရော ရင်းနှီးမြုပ်နှံသူတွေကပါ မယုံကြည်တဲ့အစိုးရမျိုး ဘဲ ဖြစ်နေမှာပါ။
အခုအချိန်ဟာ လူထုအခြေပြုတဲ့ လူမှုစီးပွားနဲ့ လူမှုနိုင်ငံရေးတရပ်ထူထောင်ရမဲ့အချိန်ဖြစ်ပါတယ်။ မဟုတ်ရင် လက်ရှိအာဏာရပါတီဟာ နိုင်ငံရေးလေသင်ဓုန်းဖြတ်ခံရမဲ့အခြေအနေမှာ ရှိပါတယ်။ ၂၀၁၅ ဟာ လူထုကို အခြေမပြုတဲ့သူတွေရဲ့ နိုင်ငံရေးသက်တမ်းကုန်ဆုံးရက်ပါ။
စီမံကိန်းရောက်ရာဒေသက အမျိုးသမီးတွေမှာ လုံခြုံမှုလုံးဝမဲ့နေပါတယ်။ စီမံကိန်းတွေမှာ အမျိုးသားတွေများ ပါတယ်။ အဲဒီတော့ ဒေသခံအမျိုးသမီးအများစုဟာ လိင်လုပ်သားသက်သက်ဖြစ်သွားကြပြီး ကူးစက်ရောဂါ တွေနဲ့ ဒေသတခုလုံးရဲ့ ကျန်းမာရေးလုံခြုံမှုပါ ချိုးဖောက်ခံရပါတော့တယ်။ ယဉ်ကျေးမှုလဲ ခုခံအားကျသွားပါ တော့တယ်။
သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ လွှတ်တော်အမတ်များ၊ ဒေသခံများအတွက် ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ အသိ အမြင်ဖွင့်သင်တန်းတွေ အများကြီးလိုပါတယ်။ ဒါမှလဲ စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရော၊ မျှတတဲ့ ဥပဒေရောပေါ်ထွန်းလာမှာပါ။ တဆင့်တက်လိုက်ရင် ဒေသခံတွေဟာ ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့အစိတ်အပိုင်းဖြစ် လာပြီး ဒီလုပ်ငန်းတွေကိုလဲ ယုံကြည်လက်ခံနိုင်စွမ်းရှိလာမှာပါ။ ခုဖြစ်နေတာက ဖွံ့ဖြိုးရေးစီမံကိန်းလာရင် မြေဈေးစတက်ရာကနေ ကျန်တာတွေပါလိုက်တက်လာပြီး ဒေသခံတွေရဲ့ဝင်ငွေနဲ့ မမျှတဲ့လူနေမှုပုံစံတွေ၊ အခြေအနေတွေဖြစ်ပေါ်လာပြီး ဒေသခံတွေထွက်ပြေးရတာမျိုးကြီးဘဲ ဖြစ်နေပါတယ်။ နောက်ထပ်ဝင်လာတဲ့ယဉ်ကျေးမှုတွေ၊ လူမျိုးတွေနဲ့ ထိပ်တိုက်တွေ့ပြီး အဓိကရုဏ်းတွေပေါ်ပေါက်လာပါတယ်။ ရခိုင်ဟာ ဒီအတွက်သက်သေပါ။ ဖြစ်နေတာကတော့ စီမံကိန်းရောက်တဲ့နေရာတိုင်းပါ။
ခုဆိုရင် တတိုင်းပြည်လုံးမှာ မသိနားမလည်မှုအခြေပြု မြေယာသိမ်းယူမှုတွေ စီမံကိန်းချ ဆောင်ရွက်နေသလား တောင် အောက်မေ့ရပါတယ်။ ဧကထောင်၊ သောင်း၊ သိန်းချီပြီးတော့ကိုလေ လုပ်နေကြတာ။
တသက်လုံး တခါမှ ဒီဒေသကို မရောက်ဖူးတဲ့လူတွေက ဓားမဦးချလုပ်ကိုင်စားသောက်နေတဲ့လူတွေဆီလာပြီး စာရွက်စာတမ်းလေးပြ သိမ်းသွားကြတယ်။ အမြဲနေ၊ မြေထွင်လုပ်နေသူတွေဟာ တရားမဝင်ဘူးတဲ့။ သူ့စာရွက် ကရော ဘာကများ ဘယ်လိုတရားဝင်လိုက်တယ်မသိဘူး။
လူတယောက်ဟာ ဒီဒေသမှာနေ၊ ဒီမြေကိုရှင်း၊ ဒီစည်းကိုထိန်း၊ ဒီယဉ်ကျေးမှုတွေနဲ့လိမ်းကျံထားတာတောင် ဒီနေရာမှာ တရားမဝင်ဘူးဆိုရင် ပြောပါအုံး ဘယ်လိုအရာ၊ ဘယ်လိုလူတွေကတရားဝင်နေရတာလဲဆိုတာ။
တခါမှ ဒီနေရာမှာ မရှိခဲ့၊ မသိခဲ့သူတွေဟာ စာရွက်လေးတရွက်နဲ့ တရားဝင်နေသတဲ့ဗျာ။
လကမ္ဘာတို့၊ အင်္ဂါဂြိုဟ်တို့ဆိုရင်တောင် လူရောက်မှ နေရာရမှာပါ။ အနိုင်ကျင့်တာ သက်သက်ပါ။
ဒါမျိုးအနိုင်ကျင့်မှုတွေ မတရားမှုတွေကို မသိနားမလည်မှုအခြေပြု မြေယာသိမ်းယူမှုဖောင်ဒေးရှင်းကြီးက အားကြိုးမာန်တက် နေ့မအိပ် ညမနား လုပ်နေတာပါ။ ဦးပိုင်တို့၊ ထူးတို့၊ တင်ဝင်းထွန်းတို့၊ ဇေကမ္ဘာတို့၊ ကမ္ဘောဇ တို့ ဘာတို့ ညာတို့ ပွထနေတာပေါ့ဗျာ။ ဘာယက၊ ညာယကတွေ၊ မြေစာရင်းတွေဆိုတဲ့ အရိုးကျက် အရိုးစား၊ အရွတ်ကျက် အရွတ်စားတွေလဲပါမှာပေါ့။ “ နိုင်ငံတော် ” ရောင်းလိုက်၊ “ နိုင်ငံသားဖြစ်ခွင့် ” ရောင်းလိုက်၊        “ လုပ်ပိုင်ခွင့် ” ရောင်းလိုက်တွေပေါ့။ အဲသလို နိုင်ငံတော်ဈေးရောင်းပွဲတော်ကျင်းပလာတာလဲ အနှစ် သုံးလေးဆယ်ကြာမှကိုး။
ခု လုပ်မဲ့ ဒုတိယအကြိမ် အာရှစီးပွားဖြစ်စိုက်ပျိုးရေး ဆိုသဟာကြီးဟာ တရားမဝင်, အနိုင်အထက်ပြု, မသိနားမလည်မှုအခြေပြု, စီမံကိန်းဗန်းပြ နည်းအမျိုးမျိုးနဲ့ သိမ်းယူထားကြတဲ့မြေတွေကို တရားဝင်လုပ်ဖို့ပါတဲ့ဗျား။ နည်းအမျိုးမျိုးနဲ့ ဆက်လက်သိမ်းယူအုံးမလို့တဲ့ဗျား။ မြေမဲတွေကို မြေဖြူလုပ်ဖို့တဲ့ဗျား။ သာမန်ဆင်းရဲသားတွေရဲ့လုပ်ကွက်ကို သိမ်းယူကြဖို့တဲ့ဗျား။
အင်္ဂလိပ်ခေတ်မှာ ကုလားနိုင်ငံခြားသားကို လယ်လုပ်ခွင့်ပေးခဲ့ရာက ရခိုင်ဟာ ကနေ့ ဒီအခြေဆိုက်ရတာပါ။ ရခိုင်လူမျိုးအရေအတွက် မရှိသလောက်နဲပါးသွားတာပါ။ အခုလို အမြဲတမ်း တတိုင်းပြည်လုံး ရှင်ရောလူပါ စိုးရိမ်နေရတဲ့နေ့ရက်တွေကို ရောက်လာတာပါ။
ခုဆိုရင် တရုပ်ပြည်က တရုပ်တွေဟာ ဝ ဆိုပြီးရော၊ ဝိ ဆိုပြီးရော၊ ထ (ဝပူး)ဆိုပြီးရော၊ ဝဆွဲအနေနဲ့ရော ရောက်လာကြပါတယ်။ အကုန်လုံး မှတ်ပုံတင်ရှိနေပါတယ်။ မြေဝယ်တယ်၊ လယ်ဝယ်တယ်၊ စက်ရုံထောင် တယ်၊ ကုမ္ပဏီထောင်တယ်။ ငွေ ဘယ်ကရလဲဆိုတော့ မူးယစ်ဆေးက ရကြတယ်။ စက်နဲ့ထုတ်တယ်။ တရုတ် ဘဏ်တွေက မြန်မာပြည်မှာ မြေဝယ်ဖို့ဆို အတိုးမဲ့ ငွေထုတ်ချေးပါတယ်တဲ့။ သူတို့ကပြောသေးတယ်တဲ့၊ မင်းတို့ တိုင်းပြည်ကို ကျည်ဆံတချက်မပစ်ဖူး၊ စက္ကူနဲ့ဘဲ သိမ်းမယ်တဲ့။ မှန်ပါတယ်ခင်ဗျား၊ မြို့တိုင်းက ထယ်ထယ်ဝါဝါ တိုင်း မြန်မာပိုင်မရှိတော့ပါဘူး။ မြို့ထဲမှာလဲ အလုပ်သမားကလွဲလို့ မြန်မာတွေမရှိတော့ပါဘူး။ အေးရှားဝါးဆိုရင် တရုပ်လုပ်သားတွေခေါ်လာတယ်။ ပီးရင် လမ်းဘေးမှာ အိမ်ဆောက်နေကြတယ်။ တော်တော်လေး အခြေကျ နေကြပါပြီ။ ဒေသခံတွေကတော့ တိုက်ပွဲလောက်တိုက်နေရတာဆိုတော့ ဘာမှ မလုပ်တတ်၊ မကိုင်တတ်တော့ အလုပ်မရကြပါဘူး။ တခြားရွေ့ပြောင်းပြေးရပါတယ်။ တကယ်လို့သာ ဒေသခံတွေကို စီမံကိန်းမှာ လုပ်ရအောင် သင်ပေးမယ်ဆိုရင် ပညာရ၊ အလုပ်ရ၊ တိုးတက်၊ ဖွံ့ဖြိုးမှာပေါ့လေ။
လယ်မြေဥပဒေမှာဆိုရင် ဒေသခံတွေဟာ ဆယ်(၁၀)ဧကဘဲ လျှောက်ခွင့်ရှိသတဲ့။ ကရိုနီနဲ့ နိုင်ငံခြားသားကျ တော့ တခါလျှောက် ဧက ငါးထောင်(၅၀၀၀)၊ ဆယ်(၁၀)ခါလျှောက် ငါးသောင်း(၅၀၀၀၀) တောင်တဲ့ဗျား။ လယ်အဲလောက်ပိုင်ထားမှတော့ ဘာမှမလုပ်လဲ သူဌေးဖြစ်နေပြီကိုး။ မျှတတဲ့ဥပဒေတွေ၊ စီမံခန့်ခွဲမှုတွေ ဖြစ်ဖို့ ဟာ သိပ်အရေးကြီးပါတယ်။ ဒီအစီအစဉ်အတိုင်းဆိုရင်တော့ ဆင်းရဲသားတွေ ပေါလာမှာ မြင်ယောင်သေး တယ်ပေါ့ဗျာ။
ကာတွန်းဆရာတစ်ယောက်ဆွဲသလိုပါဘဲ၊ ဒေသခံဆိုတာ ဒေသကလူတွေ ခံရတာကိုပြောတာတဲ့။ တကယ်ကို မှန်နေပါတယ်ခင်ဗျား။ အမြဲတမ်းမှန်မနေဖို့ အရေးကြီးပါတယ်။
ကဲ ကဲ နိုင်ငံတော်ကြီးရယ်၊ နိုင်ငံတော်ဆိုတာ ဘာလဲ ပြောပါအုံး။ နိုင်ငံတော်ဆိုပြီး အုပ်အုပ်သွားတဲ့သူတွေလဲ ဒုနဲ့ဒေး။ နိုင်ငံတော်ဆိုပြီး လုပ်လုပ်သွားတဲ့သူတွေလဲ ပေါမှပေါ။ ဦးပိုင်ကလဲ သူ့ကိုယ်သူ နိုင်ငံတော်တဲ့။ စာရေး ကလဲ သူ့ကိုယ်သူ နိုင်ငံတော်တဲ့။ မြေစရင်းကလဲ သူ့ကိုယ်သူ နိုင်ငံတော်တဲ့။ အခြေခံဥပဒေကလဲ ပြောတာဘဲ၊ နိုင်ငံတော်ဆိုတာ ဘာညာပေါ့ဗျာ။ ပြည်တွင်းဖြစ်နိုင်ငံခြားသားတရုတ်တွေကလဲ နိုင်ငံတော်တဲ့ဗျ။
ခုလဲ နောက်ထပ် ခရိုနီတွေနဲ့တရားဝင်အပြင် နိုင်ငံခြားသားတွေနဲ့ပါ နိုင်ငံတော်အုံးမယ်ဆိုတော့ စဉ်းစားစရာတွေ၊ စည်းသားစရာတွေ၊ စိစစ်စရာတွေ၊ စူးစမ်းစရာတွေ၊ စိုးရိမ်စရာတွေအများကြီးရှိမှာပေါ့။
မြေယာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်ကြီးရဲ့ နိုင်ငံသားတွေဟာ တကိုယ်စာမြေမရှိသူတွေပါ။ ကျူးကျော်ဆိုပြီး ဘူဒိုဇာနဲ့တောင် အထိုးခံနေရပါတယ်။
“ နိုင်ငံတော် ” ဝေါဟာရနဲ့ မြေသိမ်း ယာသိမ်းပြဿနာတွေ ထောင်းလမောင်းထနေတဲ့ကာလကြီးမှာ နောက်ထပ် နိုင်ငံတော်က နိုင်ငံတော်အတွက် နိုင်ငံတော်အဆင့်စိုက်ပျိုးရေးတွေလာမယ်ဆိုရင် နိုင်ငံတော်ရဲ့ နိုင်ငံသားအများစုဟာ နိုင်ငံခြားကိုချည်း နိုင်ငံတော်အတွက် ထွက်နေရပါအုံးမယ် နိုင်ငံတော်ကြီးခင်ဗျား။  




No comments:

Post a Comment